အာဏာသိမ်းပြီး ကာလတွေမှာတော့ စကစ ကနေအပူတပြင်းနဲ့အလိုရှိနေတဲ့ ပန်ဆယ်လို ကတော့ လွတ်မြောက်ရာ ဖြစ်တဲ့ အမေရိကန်နိုင်ငံကို သွားရောက်နိုင်ခဲ့လို့ လူတွေရဲ့ ဝေဖန်မှုကို ခံနေရပေမဲ့ ပန်ဆယ်လို ကတော့ အပြုံးမပျက်ခဲ့ပါဘူး။ ဒီနေ့မှာတော့ ပန်ဆယ်လို ကအမေရိကန်ကို ရောက်လာခဲ့ပုံကို “အမေရိကန်မြေကိုစ နင်းမိပုံက ထူးဆန်းတယ်။ လေယာဉ် ဆင်းတာနဲ့ လေယာဉ်မယ် က နာမည်ကို မိုက်က ခေါ်ပြီး အရင်ဆုံး ထွက်ခိုင်းတယ်။လေယာဉ်ပေါ်က ဆင်းတာနဲ့ ရဲက လာခေါ်သွားရော။ ဘာလဲဟ… ငါ့ဘဝတော့ စမုံ တုံးပြီလားပေါ့။အမှန် တကယ်တော့ ဘာမှ မဟုတ်ဘူး။ ပုံမှန်ခရီးသည် မဟုတ်လို့ ဖြည့်ရမယ့် ဖောင်တွေမတူလို့ ကြိုခေါ်တာ။ သက်ပြင်းချ ပြီး လာကြိုသူ ကားနဲ့ ပါသွားတော့ ကားပေါ်က မြင်ရတဲ့ မြင်ကွင်းက ထူးဆန်းပြန်တယ်။လူမနေတဲ့ အိမ်တွေ၊ အိမ်ပျက်ကြီးတွေ၊ လူသူမရှိတဲ့ လမ်းတွေ။ ငါရောက်လာတာ အမေရိကန်လား၊ အခြား ဂြိုလ်လားပေါ့။ အမေရိကန်ဆိုတာ ဒါကြီးလားပေါ့။ ငါ့ကို ဟောလိဝုဒ်ဇာတ်ကားတွေ ဂျင်းထည့်တာ များလားပေါ့။အမေရိကန်ရဲ့ Crime Rate အမြင့်ဆုံးထဲက မြို့။

မြို့ပျက် နီးပါးဖြစ် နေတဲ့ မြို့ကြီး။ အမေရိကန်-ကနေဒါ နယ်စပ်လိုင်းက Detroit ဆိုတဲ့မြို့။ လူမနေဘဲ ပစ်ထားတဲ့ အိမ်ပျက်ကြီးတွေ ဟာ သရဲကားတွေထဲက အိမ်တွေလိုပဲ။ နေရမယ့် နေရာရောက်တော့ လေးယောက်ခန်း၊ နှစ်ထပ် ကုတင်နှစ်လုံး ချထားတဲ့ ဆယ်ပေပတ်လည် အခန်းလေး။ အများသုံးရေချိုးခန်း၊အိမ်သာ တန်းစီရ သေးတာ။ အခန်းတံခါး သော့ခတ် ခွင့်မရှိ။ နိုင်ငံပေါင်းစုံက နိုင်ငံရေး သမားတွေ စောင့်ရှောက် ပေးတဲ့နေရာလို့ သိရတယ်။ အမှန်တကယ်က စစချင်း Culture Shock နဲ့ ကိုယ်အရမ်းတုန် လှုပ်သွားတာ။ တကယ်တမ်းပြန်တွေးတော့ အရမ်း ဆိုးဝါးတဲ့နေရာမျိုး မဟုတ်ပါဘူး။

သူစိမ်း နိုင်ငံ၊ သူစိမ်း တွေကြား ကူကယ်ရာမဲ့။ ထမင်းရှာ လို့မရတဲ့ မြို့။ ပေါင်မုန့် နဲ့ ကြက်ဥပြုတ်အပြင် ဘာမှမစားတတ်တဲ့ Asian တောသူဘဝ။ ငတ်လိုက်တာ ပြောမနေနဲ့။ Asian ဆို China ပဲ အသိ များတော့ မနက်ခင်း ဆို နိဟောင် ၊ နိဟောင် နဲ့ နှုတ်ဆက်ပျူငှါကြလို့ China မဟုတ်ကြောင်း တတ်သမျှ အီးဂလိအတိုအစနဲ့ ရန်တွေ့ ရ သေးတာ။ ရောက်ပြီးနှစ်ရက် အကြာမှာ ဖောင်တစ်ခုမှာ လက်မှတ်ထိုးရတယ်။ Homeless ဖြစ်ကြောင်း ဖောင်ပေါ့။ ပြုံးမိတယ်။ တဆက်တည်းမှာ မျက်ရည်က ဝဲတယ်။ ဆယ့်နှစ်နှစ် ကျော်ကြိုးစားခဲ့ပြီး သုံးလပဲ နေခွင့်ရ လိုက်တဲ့ အိမ်ကို တွေးရင်း ရင်ထဲအောင့်တယ်။

အဲ့အချိန်က ခံစားချက်ပါ။ လပိုင်း အတွင်းမှာ ဒီအရာတွေ ကို မေ့ပစ်နိုင်လိုက်ပြီ။ အရှိတရားကို လက်ခံဖို့ ခက်ခဲတဲ့ အချိန်တွေကို ကျော်ဖြတ်ခဲ့ရဖူးတာပဲ။ တစ်ပတ်၊ဆယ်ရက် အားတင်းနေထိုင်ပေမယ့် ဆက်မနေနိုင် တော့ တာကြောင့် ဘာအကူအညီမှ မယူတော့ပါ ကြောင်းလက်မှတ်ထိုးပြီး မိတ်ဆွေတစ်ယောက်ရဲ့မြို့လေးကို ထွက်လာခဲ့တယ်။‌ထောင်ထဲ ဝတ်ဖို့ဆိုပြီး အသင့်ထည့်လာတဲ့ အဝတ်အစားသုံးစုံ၊ အအေးဒီဂရီ Zero နီးနီးနေရာကို အနွေးထည်သော် မှ မပါဘဲ ရောက်ခဲ့တယ်။ ပိုင်ဆိုင်မှု ၊ ငွေကြေး၊ မိသားစု၊ မိတ်ဆွေအပေါင်းအသင်းတွေ၊ ဘာတစ်ခုမှ မယူနိုင် ခဲ့ပဲနဲ့ပေါ့။ဒီကာလမှာ ကိုယ့်ရဲ့လောကဓံကို တုံ့ပြန်ပုံက အရင်လို ပြင်းပြင်း ထန်ထန်မဟုတ်ဘူး။

အသက်အန္တရာယ် ခြိမ်းခြောက် ခံရတာမျိုးတောင် ရယ်မိရုံ အပြင် ဘာမှမဖြစ်မိတော့ဘူး။တစ်ခုခု ကြုံတွေ့တယ်။ So What? ကိုယ်လောကဓံကို တုံ့ပြန်တဲ့ပုံစံက So What ပါပဲ။ကြောက်လို့ ဆိုပြီး ပြန်လှည့်ပြေးလို့ ရတဲ့အထဲမှာ ဘဝမပါဘူး။ လောကဓံဆိုတာက လိမ္မာချင်လွန်းရင် တစ်ချက်ပိုရိုက်တတ်တာမို့ မိုက်မိုက်ကန်းကန်းပဲ တုံ့ပြန်တယ်။ ရှင်နိုင်ဖို့ သန်ရမယ်၊ သန်မာရမယ်။ ရန်သူက သေစေချင် တဲ့အခါ ရှင်အောင်နေရတာလည်း တိုက်ပွဲပဲတဲ့။ဒီဘဝကြီးဆီက ဘာမှမလိုချင်တော့ဘူးဆိုတဲ့ Comfort Zone မှာသာ ကိုယ့်ဘဝကို ကိုယ် ပစ်ချရင် ပစ်ချ ထားမှာ။ သေစေချင်သူတွေ လိုက်သတ်နေသရွေ့ လှလှပပ ရှင်သန်ပြနေဦးမှာ။ ငါပြန်တည်ဆောက်မယ့်အရာတွေဟာ နင်တို့ဖြိုချခဲ့တဲ့အရာတွေထက် ပိုလှပစေရမယ်။ အချိန်တည်းမှာပဲ နင်တို့ကို ရတဲ့နေရာက ဖြိုချနေမယ်ဆိုတာ ကတိပေးတယ်။🙂 ” ဆိုပြီး ရေးသား ထားခဲ့တာ ဖြစ်ပါတယ်။

Source: Pencilo On Earth
crd…..