မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ၏နာယက ကြီးတစ်ဦးဖြစ်သူ ဘဘ ဗိုလ်ကလေး တင့်အောင် သည် ၁၆.၁၂.၂၀၂၁ ရက်နေ့ ည ၁၁ နာရီအချိန်တွင် ဘဝတစ်ပါးသို့ကူးပြောင်းသွားပြီဟု မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးက ယနေ့ မနက်ပိုင်းတွင် သတင်းတစ်ရပ် ထုတ်ပြန်သည်။ဘဘ ဗိုလ်ကလေးတင့်အောင် သည် ဗမာ့လွတ်လပ်ရေး တပ်မတော်တွင် ပါဝင်ခဲ့သူ တပ်မတော်သား တစ်ဦး ဖြစ်ခဲ့ပြီး မြန်မာ့ ရုပ်ရှင် တစ်သက်တာ ထူးချွန်ဆုရ ရုပ်ရှင် ဒါရိုက်တာ၊ ဂီတစာဆို၊ ဇာတ်ညွှန်းရေးဆရာ တစ်ဦး ဖြစ်ပြီး အမျိုးသား စာပေဆုရ စာရေးဆရာတစ်ဦး လည်း ဖြစ်သည်။ နိုင်ငံ့တာဝန်ကို ထူးချွန်ပြောင်မြောက်စွာ ထမ်းဆောင်ခဲ့မှုများအတွက် နိုင်ငံတော်က ပေးအပ်သော စည်သူ ဘွဲ့ကို ချီးမြှင့်ခြင်း ခံခဲ့ရသူ ဖြစ်သည်။

ဘဘ ဗိုလ်ကလေးတင့်အောင် ကို အဖ ဦးဘသင်၊ အမိဒေါ်ဖွားသိမ်းတို့မှ ဇွန် ၃၊ ၁၉၂၂ တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့၌ မွေးဖွားကာ သားသမီးခြောက်ယောက် အနက် ဒုတိယသားဖြစ်ပြီး၊ ဂီတလုလင်မောင်ကိုကို မှာ စတုတ္ထသား ဖြစ်သည်။ ဘိုကလေးမြို့ ၊ ကျုံမငေးမြို့ နှင့် ကျိုက်လတ်မြို့ အမျိုးသား အထက်တန်း ကျောင်းတို့တွင် ပညာသင်ကြားခဲ့ သူဖြစ်ကာ ၁၉၄၀ ပြည့်နှစ် တွင် သီချင်းစ၍ ရေးသည်။ ၁၉၄၇ ခုနှစ်တွင် စတင်၍ အသံလွှင့်ခဲ့၏။ ၁၉၄၉ ခုနှစ်တွင် ရန်ကုန်သို့ ပြောင်းရွှေ့လာပြီး မောင်ကိုကို တူရိယာအဖွဲ့တွင် ဂီတာတီးသူ အဖြစ် ပါဝင်ရ၏။ ပြဇာတ်ဝိဇ္ဇာ ဒဂုန်ဆရာတင်၏ တပည့်ဖြစ်ခဲ့ရာ ပြဇာတ် သီချင်းရေး၊ ဇာတ်ညွှန်းရေး၊ တွဲဘက် ဒါရိုက်တာအဖြစ် တဆင့်ပြီးတဆင့် တက်၍ ၁၉၅၀ ပြည့်နှစ်တွင် အပြုံး လက်ဆောင် ပြဇာတ်ဖြင့် ဒါရိုက်တာ ဖြစ်ခဲ့သည်။

ပြဇာတ်ကြီး (သုံးနာရီခန့် ပြရသည်) ပေါင်း ၄၀ ကျော်၊ ပြဇာတ်တို၊ တခန်းရပ် ပြဇာတ်၊ တေးသရုပ်ဖော် ပြဇာတ်ပေါင်း ၁၀၀ ခန့် စီစဉ် ညွှန်ကြားခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် မြတ်မွန် ရတနာပြဇာတ် ကို စီစဉ် တင်ဆက်ခဲ့၍ မြတ်မွန် ရတနာ ပြဇာတ်စာအုပ် ကို စာပေဗိမာန် မှ ဖြန့်ချိ ထုတ်ဝေခဲ့သည်။၁၉၆၁ ခုနှစ်တွင် ရုပ်ရှင်ဇာတ်ညွှန်းအဖြစ် ရေးထားသည်ကို ဝတ္ထုအသွင် ပြန်လည်ရေးသားထုတ်ဝေသော မမမိုး စာအုပ် ထွက်ရှိခဲ့သည်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများတွင် စာပေဝါသနာအလျောက် ဆောင်းပါးများ ရေးခဲ့ပြီး ပန်းဝင်္ကပါ အမည်ဖြင့် ဆောင်းပါးရှည်ကို ၁၉၈၀ မှ ၁၉၈၂ ခုနှစ်အထိ ဂီတပဒေသာမဂ္ဂဇင်းတွင် ရေးသားခဲ့သည်။ ထို ပန်းဝင်္ကပါ စာအုပ်မှာ ၁၉၉၆ ခုနှစ်အတွက် အမျိုးသား စာပေဆု ရရှိခဲ့သည်။ လူမှုထူးချွန် (ပထမအဆင့်) တံဆိပ်၊ ဝိဇ္ဇာထူးချွန် (ပထမအဆင့်) တံဆိပ်တို့ အပ်နှင်းခြင်းခံရသည်။

ရုပ်ရှင်အစည်းအရုံး၏ နာယက၊ ဂီတအစည်းအရုံး၏ နာယက၊ ဘိုကလေးမြို့နယ်အသင်း၊ ကျိုက်လတ်မြို့နယ်အသင်းနှင့် ကျုံမငေးမြို့နယ်အသင်းတို့တွင်လည်း နာယကအဖြစ် လူမှုရေးကိစ္စများကို ဆောင်ရွက်ခဲ့သူဖြစ်သည်။ဘဘဗိုလ်ကလေးတင့်အောင် ရေးသားခဲ့သည့် ကျော်ကြားခဲ့သော တေးသီချင်းအချို့ကို ယနေ့တိုင် အဆိုရှင်အမျိုးမျိုးတို့က သီဆိုနေကြဆဲ ဖြစ်သည်။ ၁၉၅၃ ခုနှစ်တွင် ကြည်ကြည်ဌေးသီဆို၍ ဓာတ်ပြားရခဲ့သော သက်ဆိုင်သူသို့ သီချင်းကို တိမ်ဦးလေပြေမောင့်ကိုစေ ရုပ်ရှင်ဇာတ်ကားတွင် ခင်ယုမေက ပြန်လည် သီဆိုခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် ပြဇာတ် သီချင်းဖြစ်သော နှစ်သစ်ချစ်ဦး၊ ၁၉၅၈ ခုနှစ်တွင် မေမြတ်နွယ် ဇာတ်ကား၌ ထားသီဆိုခဲ့သော သံယောဇဉ်၊ မွန်တို့ဌာနေ၊မှုန်ရွှေရည်ဇာတ်ကား၌ ဝင်းဦးသီဆိုခဲ့သော မျက်ဝန်းလဲ့ပြာပြာ၊ ၁၉၆၈ ခုနှစ်တွင် မင်းနောင်သီဆိုသည့် ဇရာ၊ ဂျင်မလေးဂျမ်း၊ ၁၉၇၀ ပြည့်နှစ်တွင် စန္ဒရားချစ်ဆွေ သီဆိုခဲ့သည့် မွှေးလွန်းသည့်ပန်း စသည့် သီချင်းများမှာ ယနေ့တိုင် ခေတ်စားဆဲ ဖြစ်သည်။ဘဘ ဗိုလ်ကလေးတင့်အောင်သည် သီချင်းများ ရေးသားခဲ့ရုံမက ရုပ်ရှင်ဘက်တွင်လည်း ၁၉၆၂ ခုနှစ်က ဆောင်းတညဝယ် ဇာတ်ကားနှင့် ငယ်ကျွမ်းဆွေ ပြဇာတ်ကို ၁၉၅၀ ပြည့်နှစ်တွင်လည်းကောင်း၊ ယင်းရုပ်ရှင်ဇာတ်ကားကို ၁၉၇၅ ခုနှစ်တွင်လည်း ဒါရိုက်တာအဖြစ်လည်းကောင်း ရိုက်ကူးခဲ့သေးသည်။

Crd